ဝက်ခြံသက်သာစေဖို့ ဘာတွေစားပေးရမလဲ
ဝက်ခြံဆိုတာက ကျား/ မ မရွေး ဖြစ်နိုင်တဲ့ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ခုပါ။ ဒီလို အရေပြားပြဿနာက အတော်လေးတော့ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီလို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရေပြားပြဿနာ ဝက်ခြံ သက်သာအောင် စားပေးလို့ ရမယ့် အစားအစာလေးတွေ ရှိတယ်ဆိုရင် စိတ်ဝင်စားမလား? ဒါဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ရင်း ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။
ဝက်ခြံ ဆိုရာဝယ်
ဝက်ခြံဆိုတာက အရေပြားပေါ်က ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေ၊ အဆီတွေ နဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့တာကြောင့် အရေပြားမှာ ရောင်ရမ်းမှုတွေ ဖြစ်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒီလိုဖြစ်တဲ့ အရေပြားပြဿနာကိုပဲ ဝက်ခြံလို့ ခေါ်တာပါ။
ဘာကြောင့်များ ဝက်ခြံဖြစ်
ဝက်ခြံ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။ ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အဆီထွက်များတာ၊ ဟော်မုန်းတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကြောင့်ပါပဲ။
ဝက်ခြံ သက်သာစေဖို့ ဘာတွေ စားရမလဲ?
ဝက်ခြံ သက်သာစေဖို့ ဘာတွေစားရမလဲ ဆိုတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ နေ့စဉ် စားသုံးမှုတွေထဲမှာ အခုပြေမယ့် အစားအစာလေးတွေကို စားပေးရုံပါ။
- ရေများများ သောက်ပါ
ရေများများသောက်တာက ဝက်ခြံ သက်သာစေသလို ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ ၆၀% ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့်ပါ။ ရေကို နေ့စဉ်နဲ့အမျှ လုံလောက်အောင် သောက်ပေးတာက ကျန်းမာစေပြီး အသားအရေ ကြည်လင်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ထက် မနည်း သောက်ပေးပါ။
- အစိမ်းရောင် အသီးအရွက်တွေ
အစိမ်းရောင် အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ၊ သခွားသီး၊ ကိုက်လန်၊ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ပဲစိမ်း၊ ငရုတ်ပွ၊ ဟင်းနုနွယ် စတာတွေကို စားပေးလို့ ရပါတယ်။ ဒီလို စားသုံးပေးတာက ဝက်ခြံတွေကို သက်သာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။
- ဘယ်ရီသီးတွေ
ဟင်းသီးဟင်းရွက်တွေလိုမျိုးပဲ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဘယ်ရီသီးတွေကလည်း ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဝက်ခြံကြောင့် ရောင်ရမ်းတာကိုလည်း သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ဝက်ခြံ သက်သာစေချင်တယ်ဆိုရင်တော့ ဘလူးဘယ်ရီသီးတွေ၊ ချယ်ရီသီး၊ စဗတာ်ဘယ်ရီသီး စတာတွေကို စားပေးလို့ ရပါတယ်။
- အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်မျိုးပါ။ သကြား ပါဝင်မှု နည်းတဲ့ အနက်ရောင် ချောကလက်က ဝက်ခြံကို သက်သာစေနိုင်သလို ဇင့်ဓာတ်လည်း ပါဝင်တာကြောင့် ဝက်ခြံ သက်သာချင်တယ်ဆိုရင် အနက်ရောင် ချောကလက်ကို စားပေးပါ။
- ကမာကောင်
ဇင့်ဓာတ် ကြွယ်ဝတဲ့ ကမာကောင်က ခန္ဓာကိုယ်က ကျန်းမာစေသလို ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေး နိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံကို အမာရွတ် မကျန်ဘဲ သက်သာချင်တယ်ဆိုရင် ကမာကောင်ကို စားပေးလို့ ရပါတယ်။
- ဖရုံစေ့
ကမာကောင်ကို မကြိုက်ဘူးဆိုရင်တော့ ဇင့်ဓာတ် ကြွယ်ဝတဲ့ အခြားသော နောက်ထပ် စားစရာတစ်ခုက ဖရုံစေ့ပါ။ ဇင့်ဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ဖရုံစေ့ စားပေးတာကလည်း ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။
- လက်ဖက်စိမ်း ရေနွေးကြမ်း
လက်ဖက်စိမ်း ရေနွေးကြမ်းက အရေပြားကို သွေးစီးဆင်းမှု ကောင်းစေပြီး အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ အရေပြားကို ကျန်းမာစေပြီး ဝက်ခြံသက်သာစေဖို့ ထောက်ကူပေးတာပါ။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ဆိုရင်တော့ လက်ဖက်စိမ်း ရေနွေးကြမ်းကို သောက်ပေးလို့ ရပါတယ်။
ဝက်ခြံ သက်သာစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ကိုယ်နှစ်သက်ရာတွေကို စားပေးလို့ ရပါတယ်။
မွန်မွန်